ပေါင်းတည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ထပ်မံခုနှစ်ရက်တိုးမြှင့် ကပ်ထားကြေညာလျက်ရှိ

ပေါင်းတည် သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ နောက်ထပ်ခုနှစ်ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာထား ကြောင်း သိရှိရသည်။

မဲဆန္ဒရှင်စာရင်းများကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက် မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ရက်ထပ်မံတိုးမြှင့် ကပ်ထားကြေညာခြင်းဖြစ်ပြီး ပေါင်းတည် မြို့နယ်အတွင်း ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄) အုပ်စု၊ ကျေးရွာပေါင်း(၂၄၄)ရွာ၌ မဲရုံပေါင်း(၁၂၆)ရုံရှိကာ အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၀၀၇၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ထံမှ ​သိရှိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် အဖွဲ့ဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ပြည်သူ များအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ၊ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှု ရှိ/မရှိကို လာရောက်ကြည့်ရှုစစ်ဆေးကြရန် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခြင်း၊ “သင့်အမည်ပါဝင်ပါ သလား” ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)