ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများတွင် သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ မြို့မယဉ်ငေးရိပ်သာ၊ ဘိုးဘွားရိပ်သာနှင့် မြို့သစ်သာသနာ့ရောင်ခြည်ကျောင်းများသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်များ ထံမှ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အနုမောဒနာတရား နာကြားခဲ့ကြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက မြို့မယဉ်ငေးရိပ်သာကျောင်းသို့ ဝတ္ထုငွေ (၃၈၃၅၀၀)ကျပ်၊ ဆန် ၁၂ ပြည်ဝင် ၃၀ အိတ်၊ ဆီ ၅ လီတာ ၁၀ ဗူး၊ အားလူး ၁၀ ပိဿာ ၅ အိတ်၊ ကြက်သွန်နီ ၁၀ ပိဿာ ၅ အိတ်၊ ကြက်သွန်ဖြူ ၁၀ ပိဿာ ၂ အိတ် ၊ ငါးခြောက် ၁၂ ပိဿာ နှင့် မြို့သစ်သာသနာ့ရောင်ခြည်ကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀၀၀၀၀၀)ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ က ထားဝယ်ဘိုးဘွားရိပ်သာ၌ အဘိုး(၄) အဘွား(၇)ဦး စုစုပေါင်း(၁၁)ဦးအတွက် ငွေကျပ်(၆၀၀၀၀)၊ ဆန် ၁၂ ပြည်ဝင် ၅ အိတ် ၊ ဆီ ၅ လီတာ ၅ ဗူး၊ (၁)လ အတွက် စားစရိတ်(၇၅၀၀၀၀) တို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)