ကျေးသီးမြို့နယ်၌ စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ကျေးသီး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီ ခန့်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့မစည်ပင်သာယာစျေးအတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စျေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက မြို့မစည်ပင်သာယာစျေးအတွင်း စျေးရောင်း၊ စျေးဝယ်နေကြသူများကို ကမ္ဘာတစ်ဝှမ်းနှင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွား နေမှု အခြေအနေနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန် စျေးဆိုင်ခန်းများအား ကြိုးဖြင့်တားဆီးစေခြင်း၊ လက်ဆေးရည်များထားရှိစေခြင်း၊ စျေးရောင်းသူ/စျေးဝယ်သူများအား နှာခေါင်းစည်း တပ်ဆင် ပြီးမှသာ ရောင်းဝယ်စေခြင်း စသည့်သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းစေပြီး ပြည်သူများ လိုက်နာရမည့် အချက်များအား အသိပေးကြေညာခြင်း၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများ ကို နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပေးခြင်း၊ စျေးအတွင်း ဝင်ရောက်လာသူ များအား အပူချိန်တိုင်းတာစေခြင်း၊ လက်ဆေးစေခြင်း၊ တပ်ဆင်လာသော နှာခေါင်းစည်းများအား အသစ်လှဲလှယ်ပေးခြင်းနှင့် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)