တွန်းဇံမြို့အဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ကန့်သတ်ချက်စတင် အကောင်အထည်ဖော်ဆောင်ရွက်

                                                      တွန်းဇံ ဇူလိုင် ၇
 
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေး အတွက် မြို့အဝင်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွန်းဇံမြို့နယ်၊ ကျီခါးမြို့၌ ၂၀၂၁ ခုနှစ်၊ မေလ(၂၇)ရက်နေ့မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးများစတင် စစ်ဆေးတွေ့ရှိခဲ့ပြီး တွန်းဇံမြို့ပေါ်တွင် မေလ(၂၈)ရက်နေ့တွင် စတင်ပြီး ကိုဗစ်-၁၉ ရောဂါပိုးများစတင်တွေ့ရှိခဲ့သည်။ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်အတွင်း စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူပေါင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။ ယခုအခါ တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု နည်းပါးလာလျက်ရှိသော်လည်း တွန်းဇံ မြို့နယ်နှင့် ဆက်နွယ်လျက်ရှိသည့် ကလေးမြို့နှင့်တီးတိန်မြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည်။
ထို့ကြောင့် တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း ထပ်မံမြှင့်တက်လာမှု မရှိစေရေးအတွက် တွန်းဇံမြို့အဝင် ကန့်သတ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ တွန်းဇံမြို့အဝင်ကို နံနက်(၇)နာရီမှ ည(၇)နာရီအထိ အဝင်အထွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကလေး-တီးတိန်မှ လာရောက်သည့် စားသောက်ကုန်နှင့် လုပ်ငန်ခွင်သုံးမော်တော်ကား ယာဉ်မောင်းနှင့် နောက်လိုက် များကို Rapid Test Kit ဖြင့် စစ်ဆေးပြီး ပိုးတွေ့ရှိမှုမရှိပါက မြို့တွင်းဝင်ရောက်ခွင့် ပြုပေးမည်ဖြစ်ပြီး Rapid Test Kit ကုန်ကျငွေ ကျပ်တစ်သောင်း ပေးဆောင်ရမည်။ လူမှုရေးနှင့် အလည်အပတ် သွားလာနေသည့် ပြည်သူများအား ဖြတ်သန်းသွားခွင့်ပြုမည် မဟုတ်ကြောင်း နှင့် မဖြစ်အနေ မြို့တွင်း ဝင်ရောက်လိုပါက Rapid Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိစစ်ဆေးပြီး ကုန်ကျငွေ ကျပ်တစ်သောင်း ပေးဆောင်ရမည်။
ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း များပြားသည့် နေရာဒေသသို့သွားရောက်ပြီး ပြန်လည်ဝင်ရောက်လာပါက Home Quarantine တစ်ပတ် ဝင်ရောက်ရမည်ဖြစ်ပြီး အဆိုပါ မြို့အဝင် ကန့်သတ်ချက် လုပ်ငန်းများကို ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)