သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်

 

 

သာယာဝတီ ဇူလိုင် ၇

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်-ပြည်လမ်းဆေးရုံလမ်းဆုံနှင့် စျေးလမ်းဆုံများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ ဖြတ်သန်း သွားလာကြသူများနှင့် ဈေးဝယ်လာသူများကို Mask များပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး အသိပညာပေးခြင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း (၁၀၀၀) ခုကို ပေးခဲ့ကြောင်း သိရသည်။

 

သန့်ဇော်