ကျွန်းစု ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဝင်စာရင်း ဆောင်ရွက်ပေးနေ မှု အခြေအနေအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးအောင်လင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြိတ်ခရိုင် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့(၈)ခုတို့မှ ဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း(၉၀)နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၉၅)ကတ်တို့အား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း(စစ်ရေး/စစ်ထောက်) ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ်ထံ ပေးအပ်ခဲ့ပြီး တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးက ပန်းခင်းစီမံချက်အရ ပြုလုပ်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့အား ဌာနချုပ်မှ စစ်သည်၊ ရဲမေနှင့် မှီခိုသူများအား ပြန်လည် ပေးအပ်ခဲ့ကာ ဌာနချုပ်မှူးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးနှင့် အရာရှိ၊ စစ်သည်၊ ရဲမေနှင့် မှီခိုသူများ၊ မြိတ်ခရိုင်၊ လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကျွန်းစုမြို့နယ် လဝကဦးစီးမှူး ဦးဇော်ထွန်းလင်း နှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၉၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။