ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေး

ပခုက္ကူ  ဇူလိုင်

 

နည်းပညာနှင့် အတတ်ပညာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာတွင် ဇူလိုင်လ ၁ရက်နေ့မှ စတင်ပြီး အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ဦးစီးဌာနငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၀)ဖြင့် ဇူလိုင်လ ၁ရက်မှ ၃၁ရက်အထိ တစ်လကြာ ဖွင့်လှစ်ပို့ချပေးရာ သင်တန်းသူ ၃၀ဦးတက် ရောက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်၌ မြို့နယ်အတွင်း စက်ရေတွင်းတူးဖော်နည်း၊ပလပ်စတစ်ရက်လုပ်နည်းနှင့် ယခု အခြေခံစက်ချုပ်သင်တန်းများ စသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃)ခုဖွင့်လှစ်သင်ကြားပေးပြီဖြစ် ကြောင်း၊ ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်မည့် သင်တန်းများနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး အခြေခံစက်ချုပ်သင်တန်းတက်ရောက်သည့် သင်တန်းသူ မခင်မျိုးသက်က “ကျွန်မတို့က ရွာကဆိုတော့ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေပဲလုပ်ကိုင်စားသောက်ကြတာပါ၊ အဲ့ဒီလုပ်ငန်းတွေက လည်း ရာသီဥတုကမမှန်တော့ နှစ်တိုင်းအောင်မြင်ဖြစ်ထွန်းမှုမရှိဘူး၊ စိုက်ခင်းကထွက်လာတဲ့သီးနှံတွေကို မြို့ပေါ်သွားရောင်းဖို့ကလည်း ကိုဗစ်-၁၉ရောဂါနဲ့ ဆိုတော့ ကြောက်ရပြန်တယ်၊ အဲ့ဒါကြောင့် အိမ်မှာနေရင်း တစ်ပိုင်တစ်နိုင်မိသားစုအပိုဝင်ငွေ ရှာဖွေနိုင်ဖို့အတွက် အခုအခြေခံ စက်ချုပ်သင်တန်း တက်ရောက်ဖြစ်တာပါ”ဟု ပြောကြားခဲ့သည်။

 

ဆလိုင်းကိုကီး