မိုးညှင်း ဇူလိုင် ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က မြို့သစ်ကလေးကျေးရွာအုပ်စု၊ မြေနုကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
ထိုသင်တန်းတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများပေါ်ထွန်းလာစေနိုင်မည့်အပြင် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများအနေဖြင့်လည်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာလူထုကို ပိုမိုလှုံ့ဆော်စည်းရုံးလာနိုင်စေရန်၊ ခေါင်းဆောင်၏အခန်းကဏ္ဍကို ပိုမိုသိရှိနားလည်လာပြီး လက်တွေ့ကျင့် သုံးနိုင်ခြင်းများအတွက် အထောက်အကူဖြစ်စေကာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် လာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ကြားချက်များ နှင့်အညီ သင်တန်းမှူးဦးကျော်သူဝင်းက တစ်ရက်တာကာလအနေဖြင့် ပို့ချခဲ့ရာ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကော်မတီဝင် စုစုပေါင်း(၃၃)ဦး တက်ရောက်ခဲ့ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။