ယင်းမာပင် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လယ်ယာကဏ္ဍ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် တောင်သူလယ်သမားများ အဓိကလိုအပ်သော မျိုးကောင်း၊မျိုးသန့်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့် မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးမျိုးသန့်စင်စက်နှင့်ဝါမျိုးသန့်ကြိတ်စက် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ ဝါသီးနှံတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းရှိန်မှ တိုင်းဒေသကြီး၏ ဝင်ငွေရသီးနှံ ဝါမျိုးကောင်းမျိုးသန့် ထုတ်လုပ် နိုင်ရေးအတွက် မျိုးသန့်ကြိတ်ခွဲစက် ထူထောင်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်နှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြက် ဖွင့်လှစ်ပေးပြီး စပါးသန့်စင်စက်ရုံနှင့် ဝါမျိုးစေ့ကြိတ် ခွဲစက်ရုံများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် ယင်းမာပင်မြို့နယ် ၊ စိုက်ပျိုးရေးရုံးဝန်းခန်းမတွင် ခရိုင်၊မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှု အဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ် သော မျိုးကောင်း၊မျိုးသန့်များ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကန်ထရိုက် စနစ်ဖြင့် မျိုးစေ့ထုတ်လုပ်မှုကဏ္ဍ ၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံသူများကို ဖိတ်ခေါ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်ကြပြီး တောင်သူများရဲ့ အကျိုးစီးပွား တိုင်းဒေသကြီးရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင် များသည် မြေအသုံးချရေး ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးပြခန်းများ ၊ စိုက်ပျိုးရေးရုံးအတွင်း တည်ဆောက်နေ သော ဓါတ်ခွဲခန်း အဆောက်အဦပြီးစီးမှု၊ Home–Garden စိုက်ပျိုးထားရှိမှုအခြေအနေ များကို ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးမိုး(ယင်းမာပင်)