ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည်များအား ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချ

 

ပေါင်းတည် ဇူလိုင် ၇
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့်  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း ရောင်းချနေသော မှတ်ပုံတင် အမည်ပေါက် ဈေးဆိုင်ခန်းများမှလွဲ၍ ကျန်သားငါးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းသည်များအား ဈေး(၂) ရပ်ကွက်၊ ဘူတာလမ်းရှိ ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ပြီး အဆိုပါဈေးအား နံနက် ၄ နာရီမှ  ၇ နာရီ အထိ နံနက်ခင်း အာရုံဈေးအဖြစ် ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးပြောင်းရွှေ့ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ “ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းသည် တိုင်းဒေသကြီး ပြည်နယ်များနှင့် ခရိုင်မြို့နယ် များတွင် လျင်မြန်စွာ ကူးစက်ပြန့်နှံ့လျက်ရှိပြီး ပေါင်းတည်မြို့နယ်တွင်လည်း ကူးစက်ခံရသူတွေ့ရှိလာသဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အတွက် ယာယီဈေးသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ကြောင်း ပေါင်းတည်မြို့မဈေးတာဝန်ခံ ဦးအေးမင်းထိုက် ထံမှ သိရသည်။


 ချစ်နှင်းသုန်