ဖျာပုံ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံတံတားစစ်ဆေးရေး ဂိတ်နှင့်ချောင်းတွင်း လမ်းမကြီး မြို့အဝင်စစ်ဆေးရေးဂိတ်(၂)ခုဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်း ၍မြို့နယ်အတွင်းသို့ဝင်ရောက်လာ သူများအား အပူချိန်တိုင်းတာ ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါအပူချိန်တိုင်းတာခြင်းကို မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့်ပြည်သူလူအတွင်း ကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အခြားတိုင်းဒေသကြီးများမှ ဝင်ရောက်လာသူအားလုံး၏ အမည် ၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန်တိုင်းတာခြင်း ၊ လုပ်ငန်းလမ်းညွှန်ချက်များ အတိုင်းဆောင်ရွက်ပြီး ကိုဗစ်-၁၉ သံသယလက္ခဏများတွေ့ရှိပါက လည်းကောင်း၊ ဆေးစစ်ကုန်ကျ စရိတ်(၁၀၀၀၀) ကိုပေးဆောင်စေပြီး RDT test kits ဖြင့် စစ်ဆေးပေးသွားမှာဖြစ်ကြောင်း ၊ RDT test kits စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက အခြားတိုင်းဒေသကြီးများမှ လာရောက်သူများအား ဆေးကုသမှုခံယူနိုင်ရေး သက်ဆိုင်ရာနေရပ်ရှိ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ပြီး ဖျာပုံမြို့နယ်အတွင်း နေထိုင်သူများဖြစ်ပါက မြို့နယ်ကိုဗစ်-၁၉ ကော်မတီက ပြင်ဆင် ဖွင့်လှစ်ထားသည့် ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ရေး ထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းနိုင်