ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ လှူဒါန်းပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

မြိတ်  ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၇) ရက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြိတ်ခရိုင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော် က ကိုဗစ်-၁၉ ဖြစ်ပွားများ တိုးလာမှုအပေါ် ကူးစက်နှုန်းကျဆင်းအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီသို့ ဝင်းဗိုလ်တောရအဖွဲ့မှ ဦးဝင်းဗိုလ်နှင့် ဦးသက်စိုးတို့က နှာခေါင်းစည်းဗူး (၂၀၀၀) ဗူး လှူဒါန်းရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

မြိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စည်းကမ်း သတ်မှတ်ချက်များဖြင့် ကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊  လက်ရှိအချိန်တွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်၌ ပိုးတွေ့လူနာ(၂၁၂) ဦးရှိခဲ့ပြီး ပြည်သူ့ဆေးရုံများတွင် ဇူလိုင်လ(၅) ရက်နေ့အထိ ဆေးကုသမှုခံယူလျက်ရှိသူ(၇၁) ဦးရှိကြောင်း မြိတ်ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့် ပြန်ရေးကော်မတီမှ သိရသည်။

ခိုင်ထူး