ဆော ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး ဆောမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး အတွက် ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပါဆယ်စနစ် (Take away)ဖြင့်သာ ရောင်းချကြရန် အသိပညာပေးမှာကြားခြင်းဖြစ်သည်။
ဆိုင်ထိုင်ရောင်းချခြင်းစနစ်မှ ပါဆယ်(Take away)စနစ်ဖြင့် ရောင်းချရေးအား ဇူလိုင် ၆ ရက်နေ့က မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများ လက်ဝယ်အရောက် အသိပေးအကြောင်းကြားစာများကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ညွှန်ကြားချက်များကို စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ခြင်း မရှိသော စားသောက်ဆိုင်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်ကြီး(ဆော)