ပွင့်ဖြူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါ သည် လျင်မြန်စွာကူးစက်ပျံ့နှံ့နေသည့်အတွက် မိမိတို့မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ အသိပညာပေးခြင်းလုပ်ငန်းနှင့် Mask Campaign ဆောင်ရွက် ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အလေးထား လိုက်နာ ဆောင်ရွက်သွားကြစေလိုကြောင်း ၊ တက်ရောက်လာသည့် လူမှုရေးအသင်းအဖွဲ့များကလည်း မိမိတို့မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့်လူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်မည့် လုပ်ငန်းများ ၊ ကာကွယ်ရေးသုံးပစ္စည်းထောက်ပံ့လှူဒါန်းခြင်းများနှင့် အကြို/အပို့ ယာဉ်သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို အကြံပြုတင်ပြဆွေးနွေးကြရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၂၇)ဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )