ပင်လည်ဘူး ဇူလိုင် ၇
ပင်လည်ဘူးမြို့၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ယခင်ပိုးတွေ့လူနာများနှင့် ထိတွေ့ သံသယလူနာ (၃၈) ဦးအား RDT Test Kits ဖြင့် စစ်ဆေးရာ ယနေ့ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ ရှိရကြောင်း၊ ယနေ့ ပိုးတွေ့လူနာများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁)ဦး မြန်မာ့စီးပွားရေး ဘဏ်မှ ဝန်ထမ်း (၁)ဦး ထွေ/အုပ်ရုံးမှ ဝန်ထမ်း (၁) ဦး ပါရှိကြောင်း သိရသည်။ ယခင်ပိုးတွေ့အတည်ပြုလူနာ (၅၇)ဦးရှိပြီး ပင်လည်ဘူးမြို့တွင် စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၆၇)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယခင်ပိုးတွေ့ အတည်ပြုလူနာ (၅၇)ဦး အနက် ပိုးတွေ့လူနာ အမျိုးသား( ၂) ဦး သေဆုံးခဲ့ကြောင်းသိသည်။
ပထမ သေဆုံးသူ ကိုဗစ်-၁၉ ပိုးတွေ့လူနာအား ရွှေဘိုမြို့သို့ ဆေးကုသရန် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ရွှေဘိုမြို့၌ သေဆုံးခြင်းဖြစ်ကြောင်း၊ ယနေ့နံနက် ၃နာရီ ခွဲ အချိန် ထပ်မံသေဆုံးသူမှာ ပင်လည်ဘူးမြို့နယ ပြည်သူ့ဆေးရုံတွင် သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးပြီဖြစ်ကြောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အေးဝင်းခိုင်