ဆွမ်ပရာဘွမ် ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ မြို့အတွင်း ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချ စားသောက်ခွင့်ပြုနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိရန် အချက်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင် ပြင်ဆင် ထားရှိရန် အချက်များနှင့်အညီ လိုက်နာဆောင်ရွက်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စားသောက်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်ရောင်း ချရာတွင် ဆိုင်ရှင်၊ ဝန်ထမ်း၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအပေါ် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ပထမ အကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဆိုင်သုံးရက်ပိတ်စေခြင်းနှင့် တတိယအကြိမ် ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဦးနိုင်လင်းအောင်က ပြောကြားသည်။
အဆိုပါအဖွဲ့သည် ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ဆွမ်ပရာဘွမ်မြို့အတွင်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထား ရှိရန်အချက်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်အချက်များကို လိုက်နာလျက်ရှိကြောင်း တွေ့ရှိရသည်။
စစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးနိုင်လင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး၊ မြို့နယ်မီးသတ်၊ မြို့နယ်ရဲ့တပ်ဖွဲ၊ မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ်)