ကော့ကရိတ် ဇူလိုင် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၂ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၁၀နာရီအချိန်က ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိသူများနှင့် အနံ့ပျောက်လူနာ ၇ဦးအား(RDT) Antigen Test Kitဖြင့် စစ်ဆေးခဲ့ရာ (၇)ဦးစလုံးတွင် ကိုဗစ် - ၁၉ရောဂါပိုးတွေ့အဖြေ ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများဖြစ်သည့် အမှတ် (၁) ရပ်ကွက် မ (၂) ဦးတို့အား ကော့ကရိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီး၌လည်းကောင်း၊ အမှတ် (၁)ရပ်ကွက် ကျား (၁) ဦး၊ အမှတ် (၇) ရပ်ကွက် ကျား (၂) ဦး၊ မ (၁) ဦး နှင့် အမှတ် (၃)ရပ်ကွက် ကျား (၁)ဦးတို့အား မွေး / ကု Quarantine စခန်း၌ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။
ထို့အတူ အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သည့် မိသားစု / အတူနေသူ (၁၆) ဦးတို့အား ၎င်းတို့၏ နေအိမ်များ၌ အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
အလားတူ ကော့ကရိတ်အချုပ်ထောင်ရှိ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၁၆) ဦးနှင့် အရပ်သား ယာဥ်မောင်း (၂)ဦးအား ယနေ့ နံနက် ၉နာရီအချိန်က (RDT) Antigen Test Kitဖြင့် စစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄) ဦးနှင့် အရပ်သား ယာဉ်မောင်း (၁) ဦးတို့တွင် ပိုးတွေ့ အဖြေထွက်ရှိခဲ့၍ မွေး / ကု Quarantine စခန်း၌ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်။
ဆေးရုံဆင်းခွင့်ရရှိခဲ့သည့် ပိုးတွေ့လူနာများဖြစ်သော အမှတ် (၂)ရပ်ကွက် မ (၁)ဦးနှင့် ကမ္မရာကျေးရွာ၊ ရန်ကုတ်အုပ်စုနေ မ (၁) တို့မှာ ၎င်းတို့၏ နေအိမ်များ၌ Home Quarantine နေထိုင်လျက်ရှိ ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ဇွန် ၁၈ ရက်နေ့က ယနေ့အထိ ၂ပတ်ကျော်အတွင်း ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၁၇၀)ဦးရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ (၁၈)ဦးရှိပြီး ပိုးတွေ့ သေဆုံးလူနာ (၄)ဦး ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင်