မြင်းမူ ဩဂုတ် ၁၁
မြန်မာ့ရိုးရာအိမ်တွင်းသုံးနှင့် တိုင်းရင်းဆေးဝါးများတွင်ထည့်သွင်းအသုံးပြုလျှက်ရှိသော နံ့သာဖြူ(ဆေးသနပ်ခါး) ပင်များကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးလာသူများရှိကြောင်းသိရှိရသည်။
ရှေးအစဉ်ဆက် မြန်မာအမျိုးသမီးများအသုံးပြုခဲ့သော နံ့သာဖြူ (ဆေးသနပ်ခါး)ပင်မှာ နှစ်ရှည်စိုက်ပျိုးရသည့်အတွက် စိုက်ပျိုး သူနည်းပါးကြောင်း၊အခြားဝင်ငွေရရှိနိုင်သည့် အပင်ငယ်မျိုးများနှင့်တွဲဖက်စိုက်ပျိုးလုပ်ကိုင်မှသာ အဆင်ပြေ သည့် အပင်မျိုးဖြစ်ကြောင်း၊ နံ့သာဖြူပင်ကို (၁၅)နှစ်သက်တမ်းခန့်ရှိချိန်မှသာ ရောင်းချကြပါကြောင်း၊ လက်ရှိနံ့သာဖြူပင် တစ်ပင်လျှင်ငွေ(၃၀၀၀၀)တန်ဖိုးရှိကြောင်း နံ့သာဖြူပင်များလက်တွေ့စိုက်ပျိုးလုပ်ကိုင်နေသူ ဦးအောင်ဘုန်းကျော် ထံမှသိရှိရ သည်။
နံ့သာဖြူပင်(၁)ဧကလျှင် အပင်(၂၅၀)စိုက်ပျိုးနိုင်ပြီး(၆)ပေကြား စိုက်ပျိုးရကြောင်း၊ စိုက်ချိန်မှ ခုတ်ယူရောင်းချချိန်ထိ မည်သည့် ဆေးမျှအသုံးမပြုရသောအပင်မျိုးဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးများဖြစ်သော ရှူဆေး၊ လိမ်းဆေးများတွင် ထည့်သွင်းအသုံးပြုသည့်အပြင် ဆေးသနပ်ခါးတုံးအဖြစ် အိမ်များတွင်ယခုချိန်ထိ အသုံးပြုနေသော အပင်ဖြစ်ကြောင်း သိရှိရ သည်။
အောင်စိုးဖေ(မြင်းမူ)