ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်

ဘိုကလေး ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ ယမန်နေ့ ဇူလိုင်(၅)ရက် ညနေပိုင်း၌ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ကိုဗစ်-၁၉ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ် ဆောင်ရွက် ခဲ့ကြသည်။

ဆောင်ရွက်ရာတွင် မြို့နယ်တွင်းရှိဆိုင်များအား နှာခေါင်းစည်း(Mask)၊ Face Shield၊ လက်အိတ်များအပါအဝင် အခြားကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ ကြိုတင် ကာကွယ်သောက်သုံးသည့် ဆေးဝါးများအား အလွန်အမင်း ဈေးနှုန်းမြင့်တက် ရောင်းချမှုမရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး လေးနက်စွာ အသိပေးကြပ်မတ်ခဲ့ကြသည်။

ယခုလက်ရှိ ဘိုကလေးမြို့နယ်၊ ကျေးရွာအုပ်စုများမှ  ကိုဗစ်-၁၉ ကူးစက်ရောဂါ အတည်ပြုလူနာ (၃)ဦးနှင့် မြို့ပေါ်ရပ်ကွက်မှ (၄)ဦး၊ စုစုပေါင်း(၇)ဦးရှိပြီး ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူလျက်ရှိကြောင်း သိရသည်။

ဘိုကလေး