ကျိုက်လတ်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်

ကျိုက်လတ် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊​ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု လျော့နည်းစေရန် ရည်ရွယ်၍ Mask Campaign ကို ယနေ့နံနက် ၈ နာရီခန့် က  အောက်ရွာလေးဈေးနှင့် လူအသွားအလာများပြားသည့် လမ်းဆုံနေရာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊   မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း အင်အား(၄၀)ဦးခန့်က ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးသွား၊ ဈေးလာများ နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက် များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့အား အသိပညာပေး ပြောကြားခဲ့ပြီး တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်း Mask(၁၅၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)