ဖျာပုံ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်(၁၀)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်တင်သွင်းလွှာများ စစ်ဆေးခြင်းကို ဖျာပုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ၁၅ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာ တင်သွင်းသူ(၂၀)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်း လွှာတွင် ဖော်ပြထားသောအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်များ၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများတင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ် နေထိုင်ခြင်းရှိ/မရှိများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ၊ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း စိစစ်ခဲ့သည်။
အဆိုပါလွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ခြင်းကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ စိစစ်သွားမည်ဖြစ်ပြီး ဖျာပုံခရိုင်တွင် နိုင်ငံရေးပါတီ(၁၀)ပါတီနှင့် တစ်သီးပုဂ္ဂလပါတီ(၁)ပါတီ မှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ(၇၃)ဦးရှိပြီး ယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၀)ဦးအား စိစစ်ခဲ့ကြောင်း ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)