ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံတိကျမှန်ကန်စေရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ တိကျမှန်ကန်စေရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရန်နှင့် ရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသော ပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများအနေဖြင့် မဲစာရင်းများ ပြည့်စုံ တိကျမှန်ကန်စေရေးနှင့် မဲစာရင်းများ လာရောက်ကြည့်ရှုရေးအတွက် အသိပညာပေးလုပ်ငန်းများ ထိထိ ရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်း ဆွေးနွေး ပြောကြားသည်

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် က ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သော အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး ပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် မဖြစ်မနေ မဲစာရင်းများ ကြည့်ရှုနိုင်ရေး အသိ ပညာပေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များနှင့် ဆိုရှယ် မီဒီယာမှတစ်ဆင့် မဲစာရင်းကြည့်ရှုနိုင်ရေး အသိပေးလှုံ့ဆော် ခြင်းများ ၊ နံရံကပ်စာစောင်နှင့် ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေသွားမည့်အစီအစဉ်များ ၊ စနစ်တကျ မဲစာရင်းပြုစုခြင်း လုပ်ငန်းများနှင့် ပက်သက် ပြီး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က ကော်မရှင် အဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )