မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀၂)ဦးထိရှိလာ

မိုးညို ဇူလိုင် ၆
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက် လျက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀၂) ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
 
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ များနှင့် ထိစပ်သည့်လူများကို RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်း၊ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်တို့ကို စစ်ဆေးရယူပြီး အမျိုးသားဓာတ်ခွဲဌာန ရန်ကုန်သို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိသူ များကို မိုးညိုပြည်သူ့ ဆေးရုံနှင့် အားကာအိမ်ရာတွင်လည်းကောင်း၊ ရေကင်းတိုက်နယ်ဆေးရုံနှင့် ဆင်မနိုင်တိုက်နယ်ဆေးရုံတို့တွင် လည်းကောင်း စောင့်ကြည့် ကုသပေးလျက်ရှိသည်။
 
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပိုးပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရသူလူနာ (၆) ဦးရှိပြီး သေဆုံးသူမရှိသေးကြောင်း သိရသည်။ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွား မကူးစက်စေ ရန်အတွက် မိမိကိုယ်မိမိ ကာကွယ်သွားကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်သွားကြရန်၊ (ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း) စသည့် ရောဂါသံသယလက္ခဏာများ ခံစားရပါက သက်ဆိုင်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် ကျန်းမာရေးဌာနက အသိပေး ထားကြောင်း သိရသည်။