အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိ

အိမ်မဲ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ယမန်နေ့ ညနေ ထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့လူနာ(၁)မှာ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက် (၂)လမ်းတွင် နေထိုင်သော အသက် (၅၂)နှစ် အရွယ်အမျိုးသမီး၊ ပိုးတွေ့လူနာ(၂)မှာ အိမ်မဲမြို့နယ်၊ ရွာသစ် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ အသက်(၄၈)နှစ်အရွယ် လက်ဖက်ရည်ဆိုင်လုပ် ငန်းလုပ်ကိုင်နေသူ အမျိုးသား၊ ပိုးတွေ့လူနာ(၃)မှာ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာနေ အသက်(၄၉)နှစ်အရွယ် အမျိုးသား၊ ပိုးတွေ့လူနာ(၄)မှာ ပန်းတနော်မြို့နယ်၊ ကျုံလမ်းကြီးဝကျေးရွာတွင် နေထိုင်၍ လယ်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး အိမ်မဲကြီးရပ်ကွက်၊ (၁)လမ်းရှိ အစ်ကိုဖြစ်သူ အိမ်တွင်လာရောက် နေထိုင်သည်မှာ (၃)ရက်ခန့်ရှိပြီဖြစ်သည့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြပြီး အဆိုပါ ပိုးတွေ့လူနာ(၄)ဦးနှင့် ထိတွေ့ခဲ့သူ စုစုပေါင်း(၂၈)ဦးရှိပြီး အသွားအလာကန့်သတ် ထားရှိပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား ဆက်လက် စုံစမ်းရှာဖွေ၍ အသွားအလာ ကန့်သတ် ထားရှိသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ လူနာဇူလိုင်လ ၅ ရက်နေ့အထိ စုစုပေါင်း(၁၆)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)