အင်္ဂပူမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်

အင်္ဂပူ     ဩဂုတ်     ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ပေးအပ်ပွဲတွင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲရင့်လှိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရွေးချယ်ထားသော စီမံကိန်းကျေးရွာ ၃ ရွာဖြစ်သည့် မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန်ကျေးရွာအတွက် ရန်ပုံငွေ ကျပ် ၃၀၀ သိန်း၊ ညောင်ပင်တဲကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာအတွက် ရန်ပုံငွေကျပ် ၂၀၀ သိန်းနှင့် ဘုရားကွင်းကျေးရွာအုပ်စု၊ ရှမ်းတောရွာအတွက် ရန်ပုံငွေကျပ် ၁၀၀ သိန်း စုစုပေါင်းကျပ် ၆၀၀ သိန်းအား ကျေးရွာကော်မတီဝင်များထံသို့ ပေးအပ်ခဲ့သည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) သည် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများအတွက်လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေပြီး ရရှိသည့် ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင် ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွား လာသော ရန်ပုံငွေဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေနှင့် စဉ်ဆက်မပြတ် ငွေကြေးအရင်း အမြစ်ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

မန်းကျော်(ပြန်/ဆက်)