ရိခေါ်ဒါရ် ဇူလိုင် ၆
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၇ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေ ပြည်သူ(၃၃)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက်(၇)ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၇)ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ ယနေ့အထိ ရောဂါစစ်ဆေးမှုခံယူသူ (၁၆၂၁)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၂၆၂)ဦးတွေ့ရှိ၍ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာ၍ အသွားအလာ ကန့်သတ်ခြင်း ဖြေလျှော့/ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၁၈၁)ဦး၊ ရောဂါဖြင့် သေဆုံးသူ(၂)ဦးရှိရာ၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ (၇၉)ဦး ရှိကြောင်း သိရသည်။
ပက်ကာ(ရိရေကန်)