ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယခု ကိုဗစ်-၁၉ရောဂါပိုးသည် အလွန်ကူးစက်မှုမြန်ဆန်ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားလျက်ရှိသည်ကို နေ့စဉ်သတင်း တင်ပြချက်များအရ သိရှိနေရကြောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် Mobile Lab စနစ်ကိုအသုံးပြုပြီး ရပ်ကွက်/ ကျေးရွာများအထိ စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒါမှသာ ကျန်းမာရေးအတွက် လိုအပ်ချက်များကို အချိန်မီသိရှိနိုင်ပြီး ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည့် စာသင်ကျောင်းများ နှင့် Stay at Home ကြေငြာထားသည့် မြို့နယ်များမှ စာသင်ကျောင်းများအား  Facility Quarantine များအဖြစ် အသုံးပြုနိုင်ရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ Stay at Home မြို့နယ်များမှအပ ကျန်မြို့နယ်များရှိ အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုများ၊ စားသောက်ဆိုင်များနှင့် ဈေးများအား သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ အဖွဲ့စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ရန်၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီများ၊ ပြည်သူများအား မိသားစုအသွင်သဏ္ဍာန်ဖြင့် စည်းရုံး၍ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ရုံးအဖွဲ့အား သီးခြားဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်၍ လိုအပ်ချက် များအား အချိန်နှင့် တစ်ပြေးညီ တင်ပြရန်နှင့် လုပ်သင့်လုပ်ထိုက်သည်များကိုလည်း မြန်မြန်ဆန်ဆန် ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် များကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးလုပ်ငန်းစဉ်များအပေါ် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးမှူးများက မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များ တင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်