ညောင်လေးပင် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်မှုများ ရှိလာမှုကြောင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် မြို့နယ်ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့ ညနေ ၄ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ(Face shield)တပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအနေဖြင့် ချမှတ်ထားသော ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဇော်မင်းယု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းခိုင်ဖြိုး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာကျော်ထင်လှိုင်၊ မြို့နယ်စားသုံးသူရေးရာ ဌာနမှ ဦးစီးမှူး ဦးကျော်သက်မိုး၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိမ့်သီရိထွန်းနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိုင်ရှင်များနှင့် တွေ့ဆုံ၍ ညောင်လေးပင်မြို့နယ်အတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ဦးရေ (၃၄) ဦးထိ ရှိလာပြီဖြစ်သဖြင့် (က) နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း Mask ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာရန်၊ (ခ)စျေးများတွင် စျေးရောင်းသူ/စျေးဝယ်သူများအနေဖြင့် Mask အား မဖြစ်မနေ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်းစသည်တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ပေးရန်၊ (ဂ)မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ဘဲ မိမိတို့အိမ်၌သာ နေထိုင်ကြရန်၊ (ဃ)အရာ ဝတ္ထုများ ပစ္စည်းတစ်စုံတစ်ရာကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ (င)ဖျားခြင်း၊ ရုတ်တရက်အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံးသတင်းပို့ရန်၊ (စ) Stay at Home ဒေသများနှင့် ရပ်ဝေးဒေသများမှ နေထိုင်ပြီး ပြန်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံးသတင်းပို့ရန်၊ (ဆ)မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဆိုင်ထိုင် ရောင်းချသည့်ဆိုင်များအနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း၊ လုံးဝ(လုံးဝ)မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်တို့အား ရှင်းလင်းပြောကြား ပြီး စည်းကမ်းလိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ တစ်ဦးချင်း အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်၍ ကိုဗစ်ရောဂါ ကာကွယ် မပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီပေးကြရန်တို့အား အသိပညာပေးခဲ့ကြသည့်အပြင် ညပိုင်းတွင် အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာပေးခဲ့ကြောင်း သိရသည်။