မြန်အောင် ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်လှိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများအား ဇူလိုင် ၂၅ ရက်နေ့တွင် (ပထမအကြိမ်) ထုတ်ပြန်ကြေညာခဲ့ပြီး ၁၄-၈-၂၀၂၀ အထိရက် တိုးမြှင့် ကြေညာထားရှိကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ မဲစာရင်းကပ်ပြီး သွားရောက်စစ်ဆေးနိုင်ရန်၊ မဲစာရင်းကြေညာရာတွင် မဲစာရင်းမပါရှိသူ များအနေဖြင့် ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးသွားရန် အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားရာ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်းတာဝန် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် မဲရုံ (၂၁၁) ရုံ ရှိပြီး တိုင်းဒေသကြီး(၁)တွင် မဲဆန္ဒရှင် (၈၃၁၀၉) ဦး၊ တိုင်းဒေသကြီး(၂)တွင် မဲဆန္ဒရှင်(၇၈၄၈၀) ဦး ၊ မဲဆန္ဒရှင်ပေါင်း (၁၆၁၅၈၉) ဦးရှိပြီး ကရင်တိုင်းရင်းသား (၆၆၅၉) ဦး၊ ရခိုင်တိုင်းရင်းသား (၃၃)ဦး ရှိကြောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်လှိုင် ထံမှသိရသည်။
ဝင်းဗိုလ် (မြန်အောင်)