ပြည်မြို့နယ်၌ ဇူလိုင် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၂၀ ဦးထပ်မံတွေ့ရှိသဖြင့် အတည်ပြုလူနာစုစုပေါင်း (၁၇၄)ဦးအထိရှိလာပြီး (၂)ဦးသေဆုံး

 

 

ပြည် ဇူလိုင် ၅

 

ပြည်မြို့နယ်၌ ဇူလိုင် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၂၀ ဦး ထပ်မံတွေ့ရှိသဖြင့် မြို့နယ်အတွင်း ဇူလိုင် ၄ ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၁၇၄) ဦး အထိရှိလာပြီး (၂) ဦးသေဆုံးမှု ဖြစ်‌ပေါ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

 

ဇူလိုင် ၄ ရက် ယမန်နေ့နံနက် ၁၀ နာရီက ပြည်ခုတင်၅၀၀ ပြည်သူ့ဆေးရုံးကြီး၌ အနံ့မရရှိ၍ လာရောက် ပြသသူ (၁၆) ဦးအား RDT ဖြင့် စစ်ဆေးခဲ့ရာ (၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အလားတူအချိန်နှင့် နေ့ရက်တွင် ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ဆေးရုံ၌ အနံ့မရရှိ၍ လာရောက်ပြသသူ (၁၂) ဦးအနက် (၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး‌စစ်ဆေးတွေ့ရှိခဲ့ကြောင်၊ ထို့အပြင် ပြည်မြို့သူနာပြုသင်တန်းကျောင်း Facility Quarantine Center နှင့် Hotel Quarantine များတွင် အသွားအလာကန့်သတ်ထားရှိသူ (၅၁) ဦးအား ယမန်နေ့နံနက်ပိုင်းက RDT ဖြင့် စစ်ဆေးခဲ့ရာ (၁၁)ဦး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့၍ ပြည်မြို့နယ်၌ ဇူလိုင် ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြုလူနာ စုစုပေါင်း (၂၀)ဦး ထပ်မံတွေ့ရှိလာကြောင်းနှင့် ယင်းတို့ကို ပြည်ဆေးရုံကြီးနှင့် ဝက်ထီးကန်တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

 ထို့ကြောင့် ပြည်မြို့နယ်တွင် ဇူလိုင် ၄ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း (၁၇၄) ဦးထိရှိလာပြီး ယင်းအနက် (၂၄)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်း ခွင့်ပြုခဲ့ ကြောင်းနှင့် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးနှင့် (၅၀)အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၂)ဦး သေဆုံးမှုရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

 

ကိုဆက်