ပေါင်းတည်မြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး

ပေါင်းတည် ဇူလိုင် ၅
 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ပေါင်းတည်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
 

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်အဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များ စနစ်တကျထားရှိရေး၊ ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များ တပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ စားသုံးသူများကိုလည်း ဆိုင်အဝင်၌ လက်သန့်စင် စေပြီး ကိုယ်အပူချိန်တိုင်းတာပေးကာ စနစ်တကျ Mask တပ်ဆင်စေပြီးမှ ဝင်ရောက် ခွင့်ပြုရေး၊ ဆိုင်အတွင်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရောင်းချရေးတို့ကို သက်ဆိုင်ရာ ဆိုင်ပိုင်ရှင် များ၊ ဆိုင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
 

ချစ်နှင်းသုန်