သဲကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်

သဲကုန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လက်ထောက်ဆရာဝန် ဒေါက်တာပြေမိုး၏ ကြီးကြပ်မှုနှင့်ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစမှ အသက် တစ်နှစ်ခွဲအထိ ကလေးငယ်များအား  အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)။ ပြင်းထန်ဝမ်းပျက်ဝမ်း လျော (ရိုတာဗိုင်းရပ်ကာ ကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများ​ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူ(၅၀)ဦးစီကို စုရပ်များခွဲ၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

နိုင်လင်း