COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ

ဟားခါး မတ် ၃၁

ချင်းပြည်နယ်အတွင်း COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီနှင့်အတူ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နယ်မြေခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်စင်ဦး ဦးဆောင်သော အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် ဟားခါးမြို့ စျေးဟောင်းရပ်ကွက်ရှိ ဟားခါးနှစ်ခြင်းဘုရားကျောင်း (HBC)နှင့် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင်  ပြည်​​​တော်သာရပ်ကွက်ရှိ ဧမာနွေလ နှစ်ခြင်းဘုရားကျောင်း(IBC)၊ စျေးသစ်ရပ်ကွက်ရှိ ဇိအုန် နှစ်ခြင်းဘုရားကျောင်းတို့သို့ ရောက်ရှိပြီး COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် သိက္ခာတော်ရ ဆရာတော်များနှင့် ဓမ္မအမှုတော်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာ ဘုရားကျောင်းများမှ သိက္ခာတော်ရဆရာတော်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။

အလားတူ ယနေ့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဗျူဟာအခြေချ (ဟားခါး)မှ ဗိုလ်မှူးကြီး သန့်စင်ဦးနှင့် အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့ စျေးသစ်ရပ်ကွက်ရှိ Bethel Baptist  Church ဘုရားကျောင်း၊ မြို့သစ်ရပ်ကွက်ရှိ Carson Baptist  Church ဘုရားကျောင်း တို့သို့ ရောက်ရှိပြီး ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)