မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

 

မော်လမြိုင်ကျွန်း     ဇူလိုင်   ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် နိုင်ငံတစ်ဝှမ်း ကူးစက်မှုမြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါ မိမိတို့မြို့နယ်အတွင်း ကူးစက်မှု ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် အခမဲ့ ဖြန်ဝေပေးခဲ့ပါသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့အဝင် စစ်ဆေးရေးဂိတ်မှ မြို့တွင်းလမ်းတစ်လျှောက်လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီး၊ ဗိုလ်ချုပ်ဈေး၊ အောင်သာယာဈေးအပါအဝင် မြို့ပေါ်အဖွဲ့ ၁၀ဖွဲ့ခွဲ၍ လှိုင်းဘုန်းကျေးရွာ၊ ကျိုက်ပိကျေးရွာ၊ ကျော်ဇံကျေးရွာများတွင် ပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း mask များမဖြစ်မနေ တပ်ဆင်စေရေးအသိပညာပေး၍ အခမဲ့ဖြန့်ဝေပေးသည်။

ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသောကြေညာချက်များအား ပြန်ကြားရေးဆပ် ကော်မတီမှ တာဝန်ရှိသူများက အသံချဲ့စက်များဖြင့်လှည့်လည်၍ အသိပေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)