မိုးမောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မိုးမောက်   သြဂုတ်   ၁၁

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့  ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက်(၁၀)နာရီတွင် မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။   

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က အခြေခံလူတန်းစား အိမ်ထောင်စုများအား  ငွေကြေးထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြား ပြီးနောက် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းစိန်လင်းက ဖြည့်စွက် အမှာစကား ပြောကြားသည်။

ယင်းနောက် မိုးမောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၂၃)အုပ်စုမှ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုပေါင်း (၂၆၀၀) စုအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၅၂,၀၀၀,၀၀၀)ကို ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ဗာမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့က လက်ခံရယူကြောင်းနှင့် မန်နောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဟိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

လွန်းနန်းထွေး