ကောလင်း ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ရှိ ရေစိမ်ခေါက်ဆွဲစက်ရုံ(၁၀)ခုမှ ထွက်ရှိသော ရေစိမ်ခေါက်ဆွဲများကို မိမိတို့ကိုယ်ပိုင်တံဆိပ် အမျိုးမျိုးဖြင့် အများအပြား ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ရေစိမ်ခေါက်ဆွဲကို ကောလင်းဒေသထွက် စောရှုပ်ဆန်ကို အသုံးပြု၍အဓိကထား ထုတ်လုပ်လျက်ရှိကြသည်။
ရေစိမ်ခေါက်ဆွဲ ထုတ်လုပ်မှုနှင့်ပတ်သတ်၍ ဒေသထွက်စောရှုပ်ဆန်ကို ကြွေပြားခင်း ရေကန်တွင် ရေစိမ်ပြီး ရေကိုစစ်ယူရသည်။ ရေစိမ်ပြီးသား စောရှုပ်ဆန်ကို တစ်ကြိမ် ၄ ပြည်ဆံ့ သော ဆန်ကို မြင်ကောင်ရေ (၂၂) ကောင်အားရှိ တစ်ရုတ်နိုင်ငံထုတ်စက်များဖြင့် မုန့်ညစ်အိုး အသုံးပြု၍ လည်းကောင်း၊ ဆန်ဖွတ်ခုံ ဆန်ကြိတ်ခုံတို့ဖြင့်လည်းကောင်း ပြုလုပ်ပြီး ၎င်းမုန့် အနှစ်များကို အာလိမ်ထဲထည့်ထောင်း၍ ပေါင်းအိုများဖြင့်ပေါင်းပြီး နောက်တစ်ဖန် ထောင်းထားသောမုန့်နှစ်များကို ဒလိမ့်တုံးဖြင့် လိမ့်ကာမုန့်ဖတ်များ ရရှိပါသည်။ ထို့နောက် မုန့်ဖတ်များကို အအေးခံကာ နန်းကြိတ်စက်ဖြင့် နန်းဆွဲပြီး နေပူလှန်ရသည်။
အဆိုပါရေစိမ်ခေါက်ဆွဲ (၂၀)ကျပ်သားပါ (၁)ထုပ်ကို လက်ကားဈေး(၄၀၀)ကျပ်၊ (၁၅) ကျပ်သားပါ(၁)ထုပ်ကို လက်ကားဈး(၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ရေစိမ်ခေါက်ဆွဲ သည် ဆန်ကိုအပုပ်စိမ်ရန်မလိုသည့် အတွက် ဘေးထွက်ဆိုးကျိုးကင်းသည်ဟု ကောလင်းမြို့ ရေစိမ်ခေါက်ဆွဲလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။
အဆိုပါ ရေစိမ်ခေါက်ဆွဲများကို ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်၊ ဗန်းမော်၊ ရွှေကူနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်နှင့် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း၊ ကျွန်းလှမြို့များသို့ စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိသည်။
အဆိုပါ ရေစိမ်ခေါက်ဆွဲခြောက်များအား အကြီး၊ အသေး၊ အလတ် (၃)မျိုးကို ဂျပ်စက္ကူဖာများ ဖြင့်လည်းကောင်း၊ ဆာလာအိတ်များဖြင့်လည်းကောင်း သေသပ်စွာ ထုတ်ပိုးပြီးရောင်းချလျက် ရှိရာ ထိုရေစိမ်ခေါက်ဆွဲခြောက်များသည် နှစ်ရှည်စွာ အထားခံပြီး မှိုတက်ခြင်း၊ အာနိသင် လျော့ခြင်း မရှိသောကြောင့် လူမျိုး/ ဘာသာမရွေး ၀ယ်ယူစားသုံးကြသည့်အတွက် စျေးကွက် ကျယ်ပြန့်စွာ ရောင်းချလျက်ရှိသည်ဟု သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)