သရက်မြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

သရက် ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်(Take away) ဖြင့် ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်းကို သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့ နံနက် ၁၀ နာရီက လိုက်လံစစ်ဆေးခဲ့သည်။

ထိုကဲ့သို့ စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့မှ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပါဆယ်စနစ်(Take away) ဖြင့်သာ ရောင်းချရန် အသိပညာပေးမှာကြားခြင်းဖြစ်သည်။

သရက်မြို့နယ်အတွင်း လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၇) ဦး ရှိပြီး ရောဂါ ဆက်လက်မပြန့်ပွားစေရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)