ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄၁)ဦးတွင် တစ်ဦးသေဆုံး

ကြို့ပင်ကောက် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၁၆ ခုတင်ဆံ့ တိုင်းရင်း ဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၈၂)နှစ်ရှိ အမျိုးသားတစ်ဦးသည် ဇူလိုင်လ ၄ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်က သေဆုံးသွားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါအမျိုးသားသည် ဖျားနာခြင်း အနံ့မရခြင်းတို့ ဖြစ်ပေါ်လာသဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Swab နမူနာများ ရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုစစ်ဆေးတွေ့ရှိရသောကြောင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း အခြားရောဂါအခံမရှိကြောင်း ကိုဗစ်-၁၉ ရောဂါဖြင့်သာ အသက်ဆုံးရှုံးသည် အထိဖြစ်ပွားခဲ့ကြောင်း သေဆုံးသူအမျိုးသားအား ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်နာရေးကူညီမှုအသင်းနှင့် ကရုဏာရှင်နာရေး ကူညီမှုအသင်းတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သဲတွင်းကျေးရွာရှိ အနတ္တဌာနတွင် မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့တွင် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၁)ဦးတွေ့ ရှိရပြီး သတ်မှတ်ရက်ပြည့်၍ Quarantine Centre မှ ပြန်ခွင့်ရရှိသူ(၁)ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း သိရ သည်။

ဇေယျာထွန်း