နတ်တလင်း ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြု လူနာနှစ်ဦး စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိစပ်သူများကို RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ နှာခေါင်းတို့ပက်၊ အာခေါင်တို့ပက်တို့ ရယူခဲ့ရာ အမျိုးသားဓာတ်ခွဲဌာန၊ ရန်ကုန်သို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူမရှိသေးကြောင်းနှင့် (၂)ဦးမှာ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်သူ (၂၃) ဦးအား Quarantine Centre များတွင် အသွားအလာ ကန့်သတ်စောက့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူများကိုလည်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထားထားဦး