ဆော သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုများ၌ ပြည်သူများလာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ နောက်ထပ်ခုနှစ်ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာထားကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ရက်ထပ် မံတိုးမြှင့် ကပ်ထားကြေညာခြင်းဖြစ်ပြီး ဆောမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၃)အုပ်စု၊ကျေးရွာပေါင်း(၁၁၈)ရွာ၌ မဲရုံပေါင်း(၁၀၅)ရုံရှိကာ အသက်(၁၈)နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၅၉၁၂၃)ဦးရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိ အမည် ပါ/မပါ၊ကိုယ်ရေးအချက်အလက်များပြည့်စုံမှု ရှိ/မရှိကို လာရောက်ကြည့်ရှု စစ်ဆေး ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ “သင့်အမည်ပါဝင်ပါသလား” ရွေးကောက်ပွဲ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)