ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ  (၄၇)ဦးထပ်မံတွေ့၍  မြို့နယ်အတွင်း ပိုးတွေ့ရှိသူ  (၅၆ ) ဦးရှိပြီဖြစ်

ပင်လည်ဘူး ဇူလိုင် ၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊  ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅၆) ဦးအထိ ရှိလာပြီဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

ပင်လည်ဘူးမြို့၌  ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်အတွင်း ယခင်ပိုးတွေ့လူနာများနှင့် ထိတွေ့ မှုရှိသူ  (၈၀) ဦးတို့အား (RDT) Test kits ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက်မှ (၄၇) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ ယနေ့အထိ စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ( ၅၆) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာယခင်နေ့က (၉) ဦး ယမန်နေ့ပိုးတွေ့ အတည်ပြုလူနာ (၄၇) ဦး  စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ  (၅၆) ဦးရှိပြီဖြစ်ပြီး အဆိုပါ  ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ သံဃာဆေးရုံနှင့် မြို့နယ် အားကစားခန်းမတွင် ထားရှိ၍ လိုအပ်သောဆေးကုသမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။ 

 

အေးဝင်းခိုင်