ပုသိမ် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏တစ်ဖက်ကမ်း သစ်ပုတ်ကုန်းအုပ်စု၊ ကြခတ်ချောင်ကျေးရွာတွင် ပဲဖရုံ မုန့်လုပ်ငန်းဖြင့် မိသားစုပုံမှန်ဝင်ငွေ ရရှိအောင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရသည်။
မုန့်လုပ်ငန်း လုပ်ကိုင်သူ ကိုခင်မောင်သန်းက ပဲမုန့်နှင့် ပဲဖရုံ/ပဲကြက်ခေါက် မုန့်များ ပြုလုပ်ပုံ အဆင့်ဆင့်ကို ပြောကြားရာတွင် “ရှေးဦးစွာ ဂျုံတစ်အိတ်ကို ရေ၊ သကြား၊ ဆီတို့ကိုရောစပ်၍နှဲပီး မုန့်၏အပြင်ပိုင်း အခွံအတွက်နှဲရသည်။ ဆီဖြင့်ဂျုံနှစ်မျိုးသာရောစပ်သည့် အတွင်းသားနှင့်ပြန်လည် ရောစပ်ပြီး ပဲဆီသန့်ဖြင့်ရော၍နှဲကာ နှဲထားသောဂျုံကို အပြားလေးများလုပ်၍ ဘဲဥ၊ သကြား၊ ဆီ၊ ပဲတို့နှင့် ပေါင်းစပ်၍ ယိုထိုးထားသည်များကို ဂျုံအပြားဖြင့်လိပ်၍ မုန့်တုံးလေးများပြုလုပ်ရသည်။
မုန့်တုံးလေးများကို သံဗန်းအတွင်းထည့်ပြီး Gas Oven စက်ဖြင့် မိနစ်သုံးဆယ်ကြာဖုတ်ရသည်။ Gas Oven စက်၏ အမျိုးအစားပေါ်မူတည်ကာ သံဗန်းအနည်း အများကွာခြားသည်။ မုန့်ဖုတ်၍ ကျက်ပြီဆိုလျှင် သံဗန်းများကိုအအေးခံ၍ထားပြီး၊ ငါးခုပါအထုတ်များ ထုတ်ကာ မုန့်ရောင်းသည့် ဆိုင်များသို့ လက်လီစျေး(၄၂၀)ကျပ်ဖြင့် လိုက်၍ပို့ဆောင်ပေးရသည်။
ဤကဲ့သို့မုန့်လုပ်ငန်းအဆင့်ဆင့် လုပ်ကိုင်ရာတွင် ဂျုံတစ်အိတ်၊ ဆီအချိန်တစ်ဆယ် ၊ကြက်ဥအလုံးရေ ၃၀၀၊ ကုလား ပဲအချိန် ၁၂ ပိဿာကုန်ကျမည်ဖြစ်ပြီး ငါးခုပါမုန့်အထုတ်ရေ ၇၀၀ ကျော်ရရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များမှ မုန့်ဆိုင်များနှင့် ကျေးရွာများသို့ပါ ဖြန့်ဖြူးရောင်းချပေး လျက်ရှိ ကြောင်း”ပြောပါသည်။
အဆိုပါ မုန့်လုပ်ငန်းလုပ်ကိုင်ရာတွင် လူဦးရေ ၇ ဦးဖြင့် ဆောင်ရွက်နိုင်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ပုံမှန်ဝင်ငွေရရှိကြောင်းသိရသည်။
မြင့်ဟန်