ကော့သောင်းမြို့တွင် ပြည်ပမှ ဝင်ရောက်လာသည့် နေရပ်ပြန်  သင်္ဘောသားများတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

 

 ကော့သောင်း ဇူလိုင် ၅  

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဇူလိုင်လ၄ရက်နေ့ Rapid Diagnostic Antigen Test Kid( RDT ) စစ်ဆေးချက်အရ ပြည်ပမှဝင်ရောက်လာပြီး ဟိုတယ်အသီးသီးတွင် အသွားအလာကန့်သတ်ထားသည့် သင်္ဘောသား၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှတဆင့် သိရသည်။

တကျော့ပြန် ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွင် ကော့သောင်းမြို့နယ် အတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် နေ့စဉ်နီးပါး ရောဂါပိုးတွေ့ရှိသူများ ပေါ်ထွက်လျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလကတည်းက နိုင်ငံခြားလေကြောင်းလိုင်းများ ရပ်ဆိုင်းထားသဖြင့် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများပေါ်တွင် အလုပ်လုပ်ကိုင်လျှက်ရှိသည့် တာဝန်ပြီးဆုံးသည့် သင်္ဘောသားများအား Crew Change သင်္ဘောသားအလွဲအပြောင်းလုပ်ငန်းများကို ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း ဆောင်ရွက်လျှက်ရှိရာ ဝင်ရောက်လာသည့် သင်္ဘောသားများထံမှ တစ်ဦးစနှစ်ဦးစ ရောဂါပိုးတွေ့ရှိမှု ဖြစ်စဉ်တစ်ချို့ရှိခဲ့သော်လည်း ယနေ့စစ်ဆေးတွေ့ရှိချက်အရ အရေအတွက်များစွာ စတင်တွေ့ရှိရခြင်းဖြစ်ကြောင်း ၊ နိုင်ငံစုံမှ ဝင်ရောက်လာသူများဖြစ်၍  သတိပြုစောင့်ကြည့်ရမှာဖြစ်ကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသည့် သင်္ဘောသား(၁၇)ဦးအား ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့လူနာတင်ယာဉ်များဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူလျှက်ရှိသည့် ဟိုတယ်အသီးသီးမှ ခရိုင်ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်သို့ ရွေ့ပြောင်းကာ ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိ ကြောင်း၊ ကော့သောင်းမြို့အနေဖြင့် ဇွန်လ၅ရက်နေ့စာရင်းအရ ရောဂါပိုးတွေ့ရှိကာ ဆေးကုသမှုခံယူနေသူ (၃၀) ဦးရှိကြောင်း သိရသည်။

ကျော်စိုး