ဇီးကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

 

ဇီးကုန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ကြီးကြပ်မှုနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား  အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)။ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ်ကာ ကွယ်ဆေး) ။ ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ)။ ဝက်သက်၊ ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများ တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြ သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ လူ(၅၀)ဦးစီကို မြို့ပေါ်ရပ်ကွက် ( ၅) ခုတွင် စုရပ်များခွဲ၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ