အိမ်မဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းတွင် ကိုဗစ်−၁၉ ပိုးတွေ့လူနာ (၂)ဦးတွေ့ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပိုးတွေ့လူနာ တစ်ဦးမှာ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် (၈)လမ်းမှ အသက် (၃၁) အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ လူနာမှာ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် အစိုးရဌာနတစ်ခု တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသော လက္ခဏာ ခံစားသောကြောင့် ယနေ့နံနက် (၉) နာရီတွင် အိမ်မဲဆေးရုံသို့ တက်ရောက်ခဲ့ပြီး သံသယ လက္ခဏာများရှိသဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကျန်တစ်ဦးမှာ ကွင်းယားတံခွန်တိုင်ကျေးရွာမှ အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဇွန်လ (၂၈) ရက်နေ့တွင် ကွင်းယားတံခွန်တိုင်ကျေးရွာမှ ပုသိမ်ဆေးရုံကြီးတွင် ပိုးတွေ့ခဲ့ သော လူနာနှင့် ထိတွေ့ခဲ့သူဖြစ်ပါသည်။
လူနာများအား ရွာသစ် Covid-19 Treatment Center တွင် ဆက်လက်ကုသမှုပေးနေပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ထားရှိနေပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)