ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပွင့်ဖြူ     ဇူလိုင်    ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ လမ်းညွှန်မှာကြားသည့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်သူ များ သိရှိလိုက်နာနိုင်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များ၊ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများနှင့် နေရပ်ပြန်လာသူများ ရှိပါက စနစ်တကျ ထားရှိနိုင်ရေးအတွက် Home Quarantine နှင့် Facility Quarantine Centre များ စီစဉ်ထားရှိရေးကိစ္စများ၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့မစည်ပင်သာဈေး အပါအဝင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဖွင့်လှစ်ရောင်းချနေသည့် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်ကိစ္စရပ်များကို ဆောင်ရွက်သွားရမည် ဖြစ်၍ တက်ရောက်လာသည့်  ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က  ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက် မည့်အစီအစဉ်များနှင့် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူများကို စနစ်တကျ ဆေးကုသမည့် လုပ်ငန်းများ ၊ အခြားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများရှိပါက Quarantine Centre များတွင် စနစ်တကျ ထားရှိနိုင်ရေး လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက မြို့နယ် အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်ဆောင်ရွက် သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )