ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ (၂)ဦး ထပ်မံတွေ့ရှိ

ဒေးဒရဲ    ဇူလိုင်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ကင်းချောင်းဝ ကျေးရွာနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များအား NHL(ရန်ကုန်မြို့)သို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၂)ဦး ယမန်နေ့ ညပိုင်းက ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဒေးဒရဲမြို့နယ် ဘုရားကလေးကျေးရွာအုပ်စု၊ ကင်းချောင်းဝကျေးရွာတွင် ဇွန်လ (၂၆)ရက်နေ့က ကိုဗစ်ပိုးတွေ့ခဲ့သည့် လူနာနှင့် ထိစပ်ခဲ့သူများအား ကျေးရွာမူကြိုကျောင်းတွင် Facility Quarantine ထားရှိပြီးနှာခေါင်းနှင့် အာခေါင်တို့ပတ်တို့အား NHL(ရန်ကုန်မြို့)သို့ ပေးပို့စစ်ဆေး ခဲ့ရာ ပိုးတွေ့လူနာအား စက်လှေဖြင့် ကျိုက်လတ်မြို့သို့ ပို့ဆောင်ပေးခဲ့သည့် ကျိုက်လတ်မြို့နယ်၊ ထမင်းအိုးချောင်းကျေးရွာနေ အသက်(၄၃)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့် ဇွန်လ (၂၈)ရက်နေ့ က ဘုရားကလေးကျေးရွာအုပ်စု၊ ကင်းချောင်းဝကျေးရွာတွင် နေထိုင်ပြီး ကိုဗစ်ပိုးတွေ့ခဲ့သည့် အမျိုးသမီး၏ သမီးဖြစ်သူ အသက်(၉)နှစ်အရွယ် တတိယတန်းကျောင်းသူ (၁)ဦး၊ စုစုပေါင်း (၂)ဦးတို့တွင် ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့ပါသည်။

အဆိုပါ ပိုးတွေ့လူနာ (၂)ဦးအား ဒေးဒရဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးထားပြီး ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူများအား  Facility Quarantine ထားရှိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ရွှေဒေးသူ