ပြည်သူ့စာကြည့်တိုက်တွင် ကာကွယ်ဆေးဖျန်းခြင်း ဆောင်ရွက်

မြင်းမူ ဇူလိုင် ၄

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ စာငှားသူများ နေ့စဉ်လာရောက်ဝင်ထွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်         မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ယနေ့တွင် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။

ယခုကာလသည်  ပိုးတွေ့လူနာအများအပြား တွေ့ရှိနေချိန်ဖြစ်သည့်အတွက် လူအဝင်အထွက် များသည့်  စာကြည့်တိုက်ရုံး   အတွင်းအပြင်နေရာများကို  ယခုကဲ့သို့ ကာကွယ်ဆေးဖျန်းပေး နေခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့်အချိန်တိုင်း ဆေးဖျန်းခြင်းလုပ်ငန်းကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းအောင်ထံမှ သိရှိရသည်။

၎င်းအပြင် စာအုပ်လာရောက်ငှားရမ်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး အတွက် ရုံးအဝင်တွင် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်လာရေး၊ တစ်ဦးနှင့် တစ်ဦး  သတ်မှတ်အကွာအဝေးတွင် နေထိုင်ကာ စာအုပ်/စာစောင်များ ငှားရမ်းစေရေး အတွက်ကိုလည်း  ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)