မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကံပြားစစ်ဆေးရေးဂိတ် ထပ်မံတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်

မကွေး     ဇူလိုင်    ၄

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများရှိနေပြီး၊ ကူးစက်မှုမှာ မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားလာပြီး ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ်ပိုမိုတိုးပွားလာသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်ကို ကံပြားကျေးရွာအုပ်စု၊ ကံပြားကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ထပ်မံတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ဌာနဆိုင်ရာကော်မတီဝင်များက မြို့တွင်း ဝင်ရောက် ပြည်သူများအား အပူချိန်တိုင်းတာခြင်း၊ သံသယဖြစ်ဖွယ်အခြေအနေ ကြုံတွေ့ ရပါက (RDT)Test Kit စစ်ဆေးခြင်းများကို ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး၊ အဆိုပါ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက် ၇ နာရီခွဲမှ စ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မျိုးရိုးဗီဇပြောင်းသည့် ဗိုင်းရပ်ပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် မင်းဘူးခရိုင်တွင် ငဖဲမြို့နယ် ပျဉ်းဝဂိတ်၊ ပခုက္ကူခရိုင်၌ ရေစကြို- ဆင်ဖြူရှင်တံတားဂိတ်၊ မြိုင်မြို့နယ် မြိုင်-မန္တလေး လမ်းဘေးဂိတ်၊ ပေါက် မြို့နယ်- သရက်တောဂိတ်၊ ဆိပ်ဖြူမြို့နယ် ကဇွန်းမဂိတ်နှင့် လေကြောင်း အဝင်အထွက် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် မကွေးလေဆိပ် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ(မကွေး)