ကြို့ပင်ကောက် ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ဇွန်လ ၂၆ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိသူလူနာ တစ်ဦးစတင်တွေ့ရှိခဲ့ရာမှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၆ ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမြင့်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်သူများ၊ သံသယလူနာများအား RDT Test kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ နှာခေါင်းတို့ဖက် အာခေါင်တို့ဖက်တို့ရယူပြီး (NHL) အမျိုးသားဓါတ်ခွဲဌာနရန်ကုန်သို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်၊ အလယ်ကုန်းတိုက်နယ် ဆေးရုံနှင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့တွင် စောင့်ကြည့်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူမရှိသေးကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိသူ (၂၆)ဦးရှိပြီး အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ထိတွေ့ဆက်စပ်သူများအား Quarantine Centre များတွင် အသွားအလာကန့်သတ်စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်မြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)